
အမေ
အချိန်တွေ တရွေ့ရွေ့ပြောင်းနေပါတယ်.....
အမေဖြစ်ချင်ခဲ့တဲ.... အိပ်မက်တွေ
မှေးမှိန်နေပြီလား....
အမေ
အချိန်ကာလဒေသ..ဘယ်လိုပဲပြောင်းပြောင်း
အမေရဲ့စိတ်ဓါတ်တွေက ခိုင်မြဲလွန်းလှပါတယ်
အမှန်တရားနဲ့ထပ်တူ
ဘ၀တစ်ခုကိုထူထောင်ဖို့
အမှောင်ထုထဲမှာ....အမေပေးတဲ့
အသိစိတ်ဓါတ်တွေနဲ့
လျှောက်လှမ်းနေရပါတယ်
အမေ....
သားတို့ရဲ့ဘ၀ကို ထာဝရအလင်းပြပေးပါ....
Labels
About Me
Category
- ကဗျာ Poem (2)
- ကဗျာPoem (2)
- ဓါတ်ပုံအယ်လ်ဘမ်Photo (2)
- Nobal (1)
- poem (1)
- ဆောင်းပါးArticle (1)
Saturday, September 26, 2009
အမေရဲပုံရိပ်
Posted by
walone
at
7:00 AM
0
comments
Tuesday, August 4, 2009
ဘ၀ရှပ်တိုက်သံများ
လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….
အဲဒီ့နေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်…
(တာရာမင်းဝေ)
နားနှစ်ဖက်ထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဝင်လာသော ရထားသံများကို ကျော်လွန်နိုင်အောင် သူကြိုးစားပြီး သံလမ်းတစ်ဖက် ပလက်ဖောင်းပေါ်မှ လူတစ်ယောက်၏ ရှပ်တိုက်သွားနေသော ဖိနပ်သံကို နားစွင့်နေခဲ့လိုက်သည်. လွှမ်းမိုးနေသော အာရုံကို တော်လှန်လှုပ်ရှားရသည့် အဖြစ်မျိုးသည် သူ၏ စိတ်တန်ခိုးကို ထက်မြက်စူးရှစေသည်ဟု ယုံကြည်သည်။
ရည်စူးကိုင်းညွှတ်ထားသော ထိုအသံကို ကြားရသည်လည်း ရှိမည်၊ မကြားရသည်လည်း ရှိမည်. သို့သော် သေချာသည်ကတော့ သူသည် မလိုအပ်သောအရာများကို နားပိတ်ထားပြီး လိုအပ်သော အရာများအတွက်သာ နားဖွင့်ထားနိုင်ရန် လေ့ကျင့်နေခြင်းဖြစ်သည်….
ဂီးးးးးးးးးးးးးးးးးးး
ညဉ့်ငှက်တစ်ကောင်၏ စူးရှသော အသံတစ်ချက်က သူ့ကို ဆတ်ခနဲ တုန်လှုပ်သွားစေခဲ့သည်…
တစ်ချို့အသံများသည်ကား အာရုံစူးစိုက်မှု အထူးတလည် ပြုစရာမလိုပါဘဲ စိတ်သန္တာန်ကို လာရောက်ရိုက်ခတ်တတ်ကြသေးသည်ကိုလည်း သတိပြုမိလိုက်သည်. နှစ်သက်မိသည်လည်း ရှိမည်၊ မနှစ်သက်မိသည်လည်း ရှိမည်. သို့သော် မိမိ၏ စိတ်အစဉ်တွင်တော့ ခေတ္တ နေရာယူသွားခဲ့သည်မှာ သေချာသည်…
တစ်စုံတစ်ရာသည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီးမှ အဝေးသို့ ပြန်လည်လွင့်ပျောက်သွားခဲ့သည်… ပူဆွေးဝမ်းနည်းခြင်းများသည် မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို ပျော်ရွှင်ဝမ်းမြောက်ခြင်းများသည်လည်း မနှင်ပါဘဲနှင့် ထွက်ပြေးတတ်ကြသေးသည်.
မိမိကိုယ်တိုင်က ထိန်းသိမ်း စောင့်ရှောက်ပါလျက်နှင့် လွင့်ပြယ်ပျက်စီးရခြင်းမှာ ပျက်စီးချိန်တန်သောကြောင့်ပင် ဖြစ်မည်ဟု ရသေ့စိတ်ဖြေတွေး တွေးမိသည်… မထိန်းသိမ်းမစောင့်ရှောက်၍ ဆုံးရှုံးပျက်စီးရခြင်းထက် စာလျှင်ကား တော်သေး၏ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်မိပြန်သည်. မိမိကိုယ်တိုင်နှင့်မှ စစ်ပြေငြိမ်းခြင်း မရှိလျှင် အကြင်သူ၏ ဘ၀သည်ကား အမြဲတစေ ပူလောင်နွမ်းလျနေပေရော့မည်ဟု ဘာသာရေးအဆုံးအမ နောက်ခံဖြင့် ဥာဏ်မီသလောက် တွေးတောရင်း ခေါင်းတဆတ်ဆတ်ငြိမ့်နေမိပြန်သည်...
ငယ်စဉ်က ဖတ်ခဲ့ဖူးသော ဇာတက ၀တ္ထုလေးများထဲမှ သစ်ခုတ်သမား ရဟန်းတစ်ပါးအကြောင်းကို သတိရမိသည်.
သစ်ခုတ်သမားသည် လောကီအာရုံ ကာမဂုဏ်ကို ငြီးငွေ့သဖြင့် လျှော်တေသင်္ကန်းကို ဆင်မြန်းကာ တောထွက် ရဟန်းပြုလေသည်… လောကုတ္တရာကျင့်စဉ်ကို အထူးတလည် စူးစိုက်ကြိုးစားသော်လည်း အရာမထင်သဖြင့် လူထွက်ကာ သစ်ခုတ်သမား ပြန်လုပ်သည်.
ထို့နောက် ရဟန်းဝတ်ပြန်သည်. ထိုကဲ့သို့ ထွက်ချည်ဝင်ချည်ဖြင့် သံသရာလည်နေရာမှ တစ်ရက်တွင် သူ အသေအချာ ပြန်စဉ်းစားသည်…
သူသည် သစ်ခုတ်သမားဘ၀သို့ ပြန်၍ ဘ၀လည်နေရခြင်းမှာ သူ၏ ပုဆိန်ကို သံယောဇဉ်တွယ်နေသောကြောင့် ဖြစ်တတ်ရာ၏ဟု တွေးတောမိပြီး ထိုအခိုက်အတန့်တွင် ပုဆိန်ကို မြစ်ထဲသို့ လွှင့်ပစ်လိုက်လေသည်…
ထို့နောက်…
‘အောင်ပြီ…. အောင်ပြီ… အောင်ပြီ…’ ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်လေသည်…
ထိုအခြင်းအရာကို မြစ်တစ်ဖက်ကမ်းတွင် ရန်သူကို နှိမ်နင်းပြီး ပြန်လာသော ဘုရင်မင်းမြတ် ခေါင်းဆေးမင်္ဂလာပြုစဉ် ကြားသိလေသည်. သူ၏ အောင်မြင်ခြင်းအား ပြက်ရယ်ပြုသည်ဟု အထင်ရောက်ပြီး အနှီသစ်ခုတ်သမား ရဟန်းတော်အား အခေါ်လွှတ်လေသည်.
ထို့နောက် အဘယ့်ကြောင့် အောင်ပြီဟု ကြွေးကြော်လက်ခမောင်းခတ်ရသနည်းဟု မေးမြန်းလေသည်…
သစ်ခုတ်သမား ရဟန်းလည်း သူ၏ ပုဆိန်အပေါ် တွယ်တာနေသော သံယောဇဉ်ကို အပြီးတိုင် ဖြတ်နိုင်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းနိုင်တော့မည် ဖြစ်၍ မိမိကိုယ်ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် အောင်ပြီ… အောင်ပြီ ဟု ကြွေးကြော်ခြင်း ဖြစ်ကြောင်း လျှောက်တင်လေသည်…
ထို ၀တ္ထုလေး၏ အဆုံးသတ်တွင်ကား သူ၏ ဘ၀တစ်ခုလုံးကို လွှမ်းမိုးနေစေမည့် စကားလုံးလေးများကို ထိုးထွင်းထားခဲ့လေသည်…
“ရန်သူဗိုလ်ခြေတစ်ထောင်ကို စစ်အောင်နိုင်သည်ထက် မိမိကိုယ်ကို အောင်နိုင်ခြင်းက ပို၍ သာလွန်မွန်မြတ်လေသည်….”
သူသည် တောထွက်ရဟန်းပြုရလောက်အောင်လည်း ပါရမီကံ မရင့်သန်သေးပါ.
သို့သော် မိမိကိုယ်ကိုတော့ အောင်နိုင်ချင်ခဲ့သည်…
မိမိကိုယ်ကို လွှမ်းမိုးအုပ်စီးနိုင်သော ဘ၀စစ်သူကြီး အဖြစ်ကို တောင့်တမိသည်…
ဒီဘ၀ခရီးကို သူဒီတစ်ကြိမ်သာ ဖြတ်သန်းခွင့် ရသည်…
ထို့ကြောင့် မည်သူနှင့်မျှ မတူအောင်၊ ဒီဘ၀ကြီးထဲက တတ်နိုင်သလောက် အမြတ်ထွက်အောင် သူ ရယူသွားချင်သည်..
အတွေးအခေါ်ပိုင်းအရဖြစ်စေ၊ လောကီ လောကုတ္တရာပိုင်းအရဖြစ်စေ မည်သည့်အရာအတွက်မဆို သူ အမြတ်ထွက်ချင်သည်…
အချိန်မရွေး သူသေရဲသည်ဟု ကြွေးကြော်နိုင်လောက်အောင် သူတစ်စုံတစ်ရာအတွက် စိတ်ချချင်သည်. အထူးသဖြင့် သူ့ဘ၀အတွက် သူစိတ်ချချင်သည်…
ငြိမ်းချမ်းမှုကို ရှာဖွေရင်း ပူလောင်နေရသူ တစ်ယောက်လည်း သူမဖြစ်ချင်ခဲ့…
ဘ၀အမောတွေနှင့် ပူလောင်ရင်း ငြိမ်းချမ်းမှုနှင့် ဝေးကွာသွားရသူမျိုးအဖြစ်လည်း မဖြစ်ချင်ခဲ့…
သန္တိသီတာ…. စိတ်နှလုံး အေးမြကြည်လင်ခြင်း အဖြစ်သို့ ရောက်ရပါလို၏ဟု ဘုရားဝတ်ပြုပြီးတိုင်း သူ ဆုတောင်းမိသည်….
လူချမ်းသာ တစ်ယောက်မဖြစ်ချင်ပေမယ့် မတောင့်မတ မကြောင့်မကြတော့ နေနိုင်လောက်သည့် အဆင့်မျိုး သူဖြစ်ချင်သည်…
ရထားကြီးက ၀ုန်းဝုန်းဝုန်းဝုန်းနှင့် ပြေးဝင်လာပြန်သည်….
“မင်းရဲ့ပုဆိန်တွေက များလှချည်လား…”
ဆတ်ခနဲ သူလှည့်ကြည့်မိတော့ အသက်ကို ပင်ပင်ပန်းပန်းရှူရှိုက်နေပုံ ရသည့် ရထားခေါင်းတွဲကြီးက သူ့ကိုမေးနေခြင်း ဖြစ်သည်ဟု သိလိုက်ရသည်…
“ခင်ဗျားက သက်မဲ့ဖြစ်ပြီး စကားပြောတတ်သားနော်…”
ခေါင်းတွဲကြီးက အပြုံးတိုလေးတစ်ချက် ပြုံးပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောသည်…
“ဒီလောကကြီးထဲမှာ သက်မဲ့ဖြစ်ဖြစ် သက်ရှိဖြစ်ဖြစ် ကြည့်တတ်ရင် နားထောင်တတ်ရင် သူတို့တွေက မင်းကို မင်းသိချင်နေတဲ့ ဘ၀ကြီးအကြောင်း ပြောပြနေတတ်တယ်…”
“စိတ်ဝင်စားစရာပါပဲလားဗျ… ဘယ်လိုလုပ် သူတို့က ပြောတတ်တာလဲ. ဘယ်လိုမျိုးလဲ…”
ရထားကြီးက သက်ပြင်းရှည်တစ်ချက်ကို လေးတွဲ့စွာချလိုက်ရင်း ဆက်ပြောသည်….
“ဥပမာကွာ… ငါ့ကိုပဲ ကြည့်… ငါဟာ ရထားတွဲကြီးပဲ… ဒါပေမယ့် ငါဟာ ရထားတွဲတော့ မဟုတ်ခဲ့ဘူး…”
“ဗျာ…”
“အဟင်း… မင်းနားရှုပ်သွားတယ်ထင်တယ်ကွ… ငါဆိုလိုတာက ငါဟာ ရထားတွဲကြီးဖြစ်တာမှန်တယ်. ဒါပေမယ့် ငါဟာ စက်ပါတဲ့ ရထားတွဲ… တစ်နည်းအားဖြင့် ငါလိုရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ ရထားခေါင်းတွဲဖြစ်တယ်. သူများဆွဲတဲ့နောက်လိုက်တဲ့ ရထားတွဲမဟုတ်ခဲ့ဘူး… ကဲ… ဒီကနေ မင်း ဘာအတွေးအခေါ်တွေ ရလဲ ပြောကြည့်စမ်းကွာ..”
သူနေရာပြင်ထိုင်လိုက်သည်… ရထားခေါင်းတွဲကြီးဖက်သို့ စိုက်ကြည့်ရင်း စကားများပြောနေသောသူ့ကို ခရီးသည်တစ်ချို့က လှမ်းကြည့်သွားကြသည်. တစ်ချို့ကတော့ မကြားတကြား လှမ်းပြောသွားကြသည်. တစ်ချို့က စုတ်သပ်သွားကြသည်… တစ်ချို့ကတော့ ပြက်ရယ်ပြုသွားကြသည်…
“ကျွန်တော် နားလည်သလောက် ပြောရရင်တော့ ဒီလောကကြီးထဲမှာ လူတွေ အများကြီး ရှိပေမယ့် လူတိုင်း လူမဟုတ်ကြဘူး… တစ်ချို့က အညွန့်တလူလူလွှင့်ထူနေတဲ့ လူပီသတဲ့လူ၊ မိမိဦးတည်ရာ၊ ရည်ရွယ်ရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ လူစွမ်းလူစရှိတဲ့ တက်လူ၊ တစ်ချို့ကတော့ ဘ၀ကြီးက ဆွဲခေါ်သွားရာကို ဦးတည်ရာမဲ့၊ ရည်ရွယ်ချက်မဲ့ မျောပါလိုက်သွားကြတဲ့ နောက်ဆွဲ သို့မဟုတ် ကျလူ… အဲလို ကျွန်တော်နားလည်တယ်…”
ရထားခေါင်းတွဲကြီးက အားပါပါ တစ်ချက်ပြုံးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ရင်း ပြန်ပြောသည်…
“မင်းမှာ အတွေးအခေါ် မဆင်းရဲပါဘူး… ဆက်ကြိုးစားပါ. ငါဆိုလိုချင်တာက အဲဒါပဲ. မင်း နားစွင့်တတ်ရင် ကြည့်တတ်မယ်ဆိုရင် သက်မဲ့ဖြစ်စေ သက်ရှိဖြစ်စေ ပတ်ဝန်းကျင်မှာ ရှိရှိသမျှဟာ မင်းသိချင်နေတဲ့ ဘ၀တစ်ခုရဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းဖော်ပြနေတတ်ကြတယ် ဆိုတာပါပဲ…”
“ကျွန်တော် နည်းနည်း သဘောပေါက်သွားပြီဗျာ.. ကျေးဇူးအရမ်းတင်တယ်. အခုလိုမျိုး ကျွန်တော့်ရဲ့ အသိဥာဏ်တံခါးကို ဖွင့်လှစ်ပေးလိုက်လို့ပေါ့…”
“တင်း….တောင်….”
ရထားတွဲများမှ တံခါးပိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်… သူ၏ သံဘီးများကို သံလမ်းများဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်လိုက်ပြီး ရထားတွဲကြီးက ဆက်ပြောသည်…
“တစ်ချို့အသံတွေက မင်းကို ထွက်ခွာရတော့မယ့် အချိန်တစ်ခုကို သတိပေးဖော်ပြနေတတ်တယ်. အဲဒီ့အချိန်မှာ မင်း အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မင်းဟာ ထွက်ခွာရမှာ ဖြစ်တယ်. ဒီ့အတွက် ကြိုတင်ပြင်ဆင် နားစွင့်ထားသင့်တာလည်း ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပဲကွ… ငါမင်းကို ပြောစရာတွေ ကျန်သေးတယ်. ဒါပေမယ့် ငါ အခုသွားရတော့မယ်… နှုတ်ဆက်တယ်ကွာ… မင်းသိချင်တာတွေ သိခွင့် ရပါစေ…”
သူဝမ်းနည်းသည်… သို့သော် သူကျေနပ်သည်…
သံလမ်းပေါ်တွင် အရှိန်ယူနေသော ရထားကြီးက ဘီးတစ်လှိမ့်နှစ်လှိမ့်ခန့် လှိမ့်ပြီးနောက် သူကြားအောင် အသံမြှင့်လျက် အော်ပြောနေပြန်သည်…
“ငါ့မှာ စက်ပါတယ်ဆိုပေမယ့် ငါဟာ ချမှတ်ထားတဲ့ သံလမ်းပေါ်က လွဲလို့ သွားလာခွင့် မရှိတာကိုလည်း မင်းတွေးခေါ်အဖြေထုတ်သင့်တယ်… ပြီးတော့ မင်းမှာ ပုဆိန်တွေ အများကြီး မဆောင်ထားဖို့လည်း ငါအကြံပေးချင်တယ်… မဟုတ်ရင် မင်းလွှင့်ပစ်ဖို့ခက်ခဲတာတွေ များနေမှာစိုးလို့….”
တ၀ုန်းဝုန်းဖြင့် သံလမ်းကြီးပေါ် အလျားလိုက်ပြေးလွှားသွားသော ရထားကြီးကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်ကို သတိရမိလိုက်ပြန်သည်….
ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ…
ကျောက်စရစ်ခဲလေးက ပြောတယ် ဖေဖေ…
မြေပြင်က ဘာမှ မပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့….
(တာရာမင်းဝေ)
လမ်းတစ်ဖက်မှ ဖိနပ်ရှပ်တိုက်သံများ ရုတ်ခြည်း ကျယ်လောင်လာသလို သူခံစားလိုက်ရသည်…
သူ့ရင်ဘတ်ထဲမှ ပုဆိန်တစ်ချို့ ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့ကြသည်…
သူသည် စက်ပါသည့် ရထားခေါင်းတွဲကြီး ဖြစ်သည်ဆိုလျှင်တောင် ပြေးစရာ သံလမ်းကိုတော့ လိုအပ်နေဆဲ ဖြစ်မည်မှာ သေချာသည်…
တစ်ချိန်ချိန်တွင်တော့ ထိုသံလမ်းကိုယ်တိုင်သည်ပင်လျှင် သူလွှင့်ပစ်ရမည့် ပုဆိန်တစ်လက် ဖြစ်ကောင်းဖြစ်လာနိုင်သည်…
အားရပါးရ သူတစ်ချက်ပြုံးလိုက်ပြီး သံလမ်းပေါ်တွင် ပြုတ်ကျနေသော ပုဆိန်များထဲမှ အကောင်းဆုံးတစ်လက်ကို သူပြန်ကောက်ယူလိုက်သည်….
သူ့ရင်ဘတ်ထဲသို့ နေသားတကျဖြစ်အောင် ပြန်ထိုးထည့်လိုက်ပြီး တစ်ဖက်လမ်းမှ ဖိနပ်ရှပ်တိုက်သံများကို တမင်မေ့ပစ်လိုက်သည်… သို့မဟုတ် သူ့အကြားအာရုံကို ထိန်းချုပ်လိုက်သည်.
ဘူတာရုံမှ ထွက်ခွာလာသော သူ့နောက်တွင် လိုက်ပါလာသည့် ဖိနပ်ရှပ်တိုက်သံများသည် သူ့ထံမှ ဖြစ်နိုင်သလို ဘ၀တစ်ခု၏ ရှပ်တိုက်သံများလည်း ဖြစ်နေနိုင်လေသည်…
လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….
(ရေခဲငှက်)
Posted by
walone
at
3:41 AM
0
comments
Labels: Nobal
အက်စ်ပရက်ဆိုတမ်းချင်း...

တိမ်ထူထူနေ့တစ်နေ့မှာ
ကောင်းကင်ဟာ မျက်မှောင်ကုတ်လို့ စိတ်ဆိုးနေခဲ့တယ်.
တကယ်ဆို ဒီနေ့ဟာ တိမ်ပြာပြာနေ့တစ်နေ့ ဖြစ်သင့်ခဲ့တာ
ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ဖြစ်သင့်ခဲ့တာတဲ့.
ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောဆိုနေခဲ့လေရဲ့...
ပေစုတ်စုတ် အ၀တ်လေးတွေဝတ်ထားတဲ့
သူဖုန်းစားကလေးငယ်တစ်ယောက်
ခေါက်ဆွဲဆိုင်ရှေ့မှာ မတ်တပ်ရပ်ရင်း ဆိုင်ထဲကို မျှော်ကြည့်နေခဲ့တယ်.
ဒီမျက်ဝန်းတွေကို ငါမြင်ဖူးတယ်.
ဒီမျှော်လင့်ခြင်းတွေကို ငါခံစားမိဖူးတယ်.
ချေဂွေဗားရားရဲ့ ကျူးဘားနိုင်ငံအတွက် မျှော်လင့်ခြင်းမျိုး
ဟိုချီမင်းရဲ့ ဗီယက်ကောင်းတွေအတွက် မျှော်လင့်ခြင်းမျိုး
အာသာဘုရင်ကြီးရဲ့ သူ့ထီးနန်းကိုပြန်ရယူနိုင်ဖို့အတွက် မျှော်လင့်ခြင်းမျိုး..
အို. ဒါတွေကိုတော့ ကလေးငယ် ဘယ်သိမှာလဲ.
သူ့မျှော်လင့်ခြင်းမှာ သူ့အိုးနဲ့သူ့ဆန် တန်ရုံတော့ ရှိမှာပေါ့.
ဟုတ်တယ်. သူမျှော်လင့်တယ်.
ခေါက်ဆွဲလက်ကျန်လေး ဖြစ်နိုင်တယ်.
ပိုက်ဆံအတိုအစလေး ဖြစ်နိုင်တယ်.
ဟင်းကျန်ထမင်းကျန်လေးတွေလည်း ဖြစ်နိုင်တယ်.
နိုင်ငံတော်ကြီး နွံနစ်နေတာ သူမသိဘူး
သူ့လူမျိုးတွေ ကျွန်ဖြစ်နေတာ သူ နားမလည်ဘူး
ခု သူဗိုက်ဆာတယ်.
မနေ့ကလည်း သူဗိုက်ဆာခဲ့တာပဲ.
မနက်ဖြန်မှာလည်း သူဗိုက်ဆာဦးမှာပဲ.
ရေလိုတယ်. အစာလိုတယ်.
မန်ဘိုင်းမှာ လူတွေအသတ်ခံရတာ သူ့ကိစ္စမဟုတ်
ထိုင်းမှာ လေယာဉ်ကွင်းပိတ်တာ သူ့အလုပ်မဟုတ်
အာဖဂန်နစ္စတန်က ကျောင်းသူလေးတွေ အက်ဆစ်နဲ့အပက်ခံရတာ သူ့အရှုပ်မဟုတ်
နှစ်ဆယ်တွေ၊ ခြောက်ဆယ့်ငါးတွေ၊ ငါးဆယ့်ကိုးတွေ သူ့အဆိုးမဟုတ်.
ဆိုင်ထဲက လူတစ်ယောက်ထွက်လာတယ်.
ကလေးငယ်ကတော့ သူ့ခြေသလုံးတွေထဲကို အားအင်တွေ ပစ်ထည့်ထားလိုက်တယ်.
သူ့မျက်ဝန်းတွေက အရောင်တောက်လာခဲ့တယ်.
သူ့နှလုံးသားနဲ့ သူ့ဆန္ဒတစ်သားတည်းဖြစ်သွားခိုက်
သူ့ခေါင်းက တစ်စုံတစ်ရာအတွက် ခိုင်ကျည်ရဲရင့်စေခဲ့တယ်.
'တစ်စုံတစ်ခုတော့ ငါရမှ ဖြစ်မယ်'
အရာအားလုံးကို မြင်လိုက်ရတဲ့ ကောင်းကင်က ညည်းတွားတယ်.
'တစ်ကိုယ်ကောင်းဆန်လိုက်တာ' တဲ့.
'ကိုယ့်အတွက်ပဲ ကိုယ်သိတယ်' တဲ့.
'အရာရာဟာဆက်စပ်နေတယ်ဆိုတာ နားမလည်ဘူး' တဲ့.
ငိုက်မြည်းနေတဲ့ တိမ်ထူထူတစ်အုပ်က ပြန်ပြောတယ်.
'တဆိတ်လောက်ဗျာ. ခင်ဗျား ကလေးငယ်ကို ပြောနေတာလား
ကျွန်တော့်ကို ပြောနေတာလား
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ ပြောနေတာလား' တဲ့.
ကောင်းကင်က ပြန်ပြောတယ်.
'မရှိတာထက် မသိတာခက်တယ် ကိုမိုးတိမ်ရယ်'
မိုးတိမ်က ပြန်မေးတယ်.
'ရှိလည်းရှိ သိလည်းသိပေမယ့် မလုပ်တဲ့သူတွေက ပိုမခက်ပေဘူးလား ကောင်းကင်ရယ်'
ကောင်းကင်က ထုံးစံအတိုင်း ခေါင်းမော့လို့ တစ်ချက်ပြုံးလိုက်တယ်.
'စကားလုံးတွေနဲ့ မကစားစမ်းပါနဲ့ဗျာ. ကျုပ်က လက်တွေ့ကျချင်တဲ့သူဗျ'
မိုးတိမ်က သူ့လက်ချောင်းတွေကို တဖြောင်းဖြောင်းနဲ့ ဆွဲဆန့်လိုက်ရင်း
'တစ်ချို့က လက်တွေ့ဆိုတာကြီးကို ခုတုံးလုပ်ပြီး လေမုန်တိုင်းတွေတိုက်နေတာ ခင်ဗျားသိရဲ့လား'
ဒါကို နားစွန်နားဖျားကြားလိုက်တဲ့ ဆိုင်ကလုန်းက ပြောတယ်.
'ကိုယ့်ဟာကိုယ် ငြင်းကြဗျာ. ကျုပ်နာမည်တော့ ဆွဲမထည့်နဲ့. အေးအေးဆေးဆေး ဆားနဲ့ပဲ စား၊
အဲလေ. ပင်လယ်မှာပဲ နေပါရစေ...'
'ဖုတ်'
ကောင်းကင်ရော၊ မိုးတိမ်ရော၊ ဆိုင်ကလုန်းပါ မြေပြင်ကို ငုံ့ကြည့်လိုက်ကြတယ်.
မြေကြီးပေါ်ကျနေတဲ့ ခေါက်ဆွဲထုပ်လေးဘေးမှာ ဖုန်တစ်ချို့ ကခုန်နေကြတယ်.
အထုပ်လေးကို သေချာစည်းနှောင်လို့ ဘေးလွယ်အိတ်လေးထဲကိုထိုးထည့်ရင်း
နောက်ထပ်ထွက်လာမယ့် တစ်စုံတစ်ယောက်ကို ကလေးငယ်မျှော်လင့်နေတယ်.
မျှော်လင့်နေဆဲပဲ...
ခုနက သူ့လက်ထဲမှာ တစ်စုံတစ်ရာရှိနေခဲ့တယ်.
သူ့အိတ်ထဲမှာ ဟင်းလင်းပြင်ပေါ့
ခု သူ့အိတ်ထဲမှာ တစ်စုံတစ်ရာ ရှိနေခဲ့တယ်
သူ့လက်ထဲမှာ ဗလာနတ္ထိရယ်ပေါ့
မက်ခ်တွိန်းရဲ့ ဖိနပ်ကို မဆေးဘဲ ပစ်ထားတဲ့ အစေခံကို သတိရမိတယ်.
နောက်လည်း ပေရေဦးမယ့်အတူတူ ဘာလို့တိုက်ချွတ်နေဦးမှာလဲတဲ့
အဲဒီ့နေ့က အစေခံ ထမင်းငတ်တယ်.
မက်ခ်တွိန်းက ကလဲ့စားပြန်ချေတယ်လေ
နောက်လည်း ဗိုက်ဆာမယ့်အတူတူ ဘာလို့စားနေဦးမှာလဲတဲ့.
ကလေးငယ်ဟာ ပညာရှိတာလား၊ မရောင့်ရဲနိုင်တာလား
အဲဒါကို မနက်ဖြန်တွေက မဖြေနိုင်ခဲ့တာ ဂွကျတယ်..
မိုးတိမ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်.
ကောင်းကင်က လေပူတစ်ချက် မှုတ်ထုတ်တယ်.
ဆိုင်ကလုန်းကတော့ တ၀ီးဝီးတဟီးဟီးနဲ့
မိုးကုပ်စက်ဝိုင်းဆီ ပြေးထွက်သွားခဲ့တယ်.
ကန့်လန့်ကာကြီး ပြုတ်ကျလာခဲ့တယ်.
'၀ုန်း' ခနဲ ကျလာသလား
'ဗြုန်း' ခနဲ ကျလာသလား
အိပဲ့အိပဲ့ ကျလာသလား
ချည့်နဲ့ချည့်နဲ့ ကျလာသလား.
ဘယ်လိုပဲ ကျလာလာ
တစ်ခန်းတော့ရပ်သွားခဲ့တာ သေချာတယ်.
လူရှင်းနေတဲ့ လမ်းလေးထဲမှာ ငါရပ်နေခဲ့တာလား
ငါရပ်နေခဲ့တဲ့နေရာမှာ လူတွေရှင်းနေခဲ့တာလား
ငါရပ်ပြီးမှ လူတွေရှင်းတာလား
လူတွေရှင်းချိန်ကျမှ ငါလာရပ်တာလား
ဒွိဟတွေ၊ ပုစ္ဆာတွေ ဟားတိုက်ရယ်မောနေချိန်မှာ
အက်စ်ပရက်ဆိုလေးတစ်ခွက်လောက်တော့ ငါ့ကိုထွက်သောက်ခွင့်ပေးပါ...
ဘယ်အရာမှ မပိုင်ဆိုင်နိုင်သူအတွက်
မျှော်လင့်ခြင်းလေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့သေးတယ်.
မျှော်လင့်မှုအတွက် ပိုင်ဆိုင်လိုခြင်းလား
ပိုင်ဆိုင်မှုအတွက် မျှော်လင့်လိုခြင်းလား.
ကောင်းကင် ပြောသလိုပေါ့
စကားလုံးတွေဆိုတာ ကစားချင်သူတွေအတွက် လေ့ကျင့်ကွင်းကြီးတစ်ခုပဲ.
အပြောသမားတွေရဲ့ လက်မှာ အသားမာ ထမနေတတ်ပေမယ့်
လျှာတွေကတော့ ဂျော်နီဝါးကားလမ်းမလျှောက်ဘဲ သွက်နေတတ်လေရဲ့
ဆက်လျှောက်လိုက်ဦး ဂျော်နီရေ.
ဒီလှည်းဘီးတွေနောက် ငါပြေးမလိုက်တော့ဘူး
ငါ့မှာ လုံလောက်တဲ့ လက်ညှိုးတွေ ရှိနေခဲ့ပြီပဲ.
တော်သေးတာပေါ့
ခုတလော မိုးတွေ သိပ်မရွာခဲ့ဘူး...
အခန်းထောင့်က ထီးကျိုးတစ်လက်ကတော့
မနက်ဖြန်အထိ ဆက်လက်ငိုက်မြည်းနေဦးမှာပဲ.
အခန်းတံခါးကို ညင်သာစွာပဲ ဆွဲဖွင့်လိုက်တယ်.
လှေကားထစ်တွေကို ကျော်တက်ရင်း
လင်းချင်းနေတဲ့ ကောင်းကင်အောက်ကို ၀င်ရောက်ခဲ့တယ်.
ခေါင်းပေါ်မှာတော့ ကန့်လန့်ကာကြီးကို ထမ်းပိုးလို့ပေါ့
ဒီနေရာမှာ တစ်ခန်းရပ်လိုက်
ဟိုနေရာမှာ တစ်ခန်းရပ်လိုက်နဲ့
ခရီးမဆုံးခင် ကန့်လန့်ကာတွေ ကျန်ပါဦးမလား
အိုး... ဘာဖြစ်လဲ.
တစ်ခန်းမရပ်နိုင်တော့လည်း အခန်းဆက်ပြဇာတ်ပေါ့.
လှည်းဘီးတွေနောက် ပြေးမလိုက်မှတော့ ကန့်လန့်ကာတွေလည်း မလိုတော့ပြီပဲလေ.
မနက်ခင်းဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ ငါ့မျက်ဝန်းတွေကို လှမ်းကြည့်တယ်.
ကန့်လန့်ကာများချလေဦးမလားရယ်ပေါ့..
ဒီနေ့ တိမ်တွေပြာလို့ ကောင်းကင်လည်းသာတယ်.
ဒါပေမယ့် ဆန်းဒေးတော့ မဟုတ်ခဲ့ဘူး...
~ ရေခဲငှက် ~
Posted by
walone
at
1:55 AM
0
comments
Labels: ကဗျာ Poem
I'm in love

Into the Darkness I am gazing at,
Without you, everything is so meaningless.
Hope to hear the ring from my cell,
Feel like my heart is burning to hell.
On youtube, I listened to "Keep Bleeding"
Leona, do you mean that she will be leaving?
Oh, please stop it and come back to me
Can't afford you trying to flee.
Mornings came and evenings are gone
The days without you, my days are torn.
C'mon, honey, it's not a joke
Can't even help myself gulping a coke.
Rice or curry I lost interest
Just murmuring "My Love, My Love"
Look around you, who else do you have?
Me, myself and my heart to be hijacked.
Look, honey, a leaf is falling
Wish you will be with me tomorrow morning.
Oh yeah, baby, I'm not a poet
But, please know that I'm in love.
Posted by
walone
at
1:51 AM
0
comments
Labels: ကဗျာ Poem
Sunday, July 19, 2009
လွပ်လပ်ရေး

*အာဇာနည်နေ့ * အရင်တုန်းကဆို လွပ်ရေးဖခင် တို့အား တခမ်းတနားဂုဏ်ပြုခဲ့ကြတာတွေ၊
ဥသြသံတွေ တောင်ကြားခဲ့ရဖူးးပါတယ်။
ကိုယ်ကြိုးစွန့်အနစ်နာခံရင်း တိုင်ပြည်အတွက်အသက်ကို စတေးကာ လွပ်လပ်ရေးကြိုးပမ်းခဲ့ကြတာတွေကို တွေးမိရင်း အရမ်းကြေကွဲဝမ်းနည်းမှု
ကိုခံစားရတယ်။အမှတ်တရ ဆုတောင်းပွဲလုပ်နေရုံနဲ့ အာဇာနည်တို့ရဲ့ကျေးဇူးကိုသိတတ်ရာမရောက်နိုင်ဘူး
ဆိုတာလဲ ကိုယ့်ကိုကိုယ် အလေးအနက်တွေးရင်း သိလာတယ်။
အနာဂတ်ဆိုတာ ကိုယ်ကိုယ်တိုင်တည်ဆောက်ရမှာ ရင်နာနေရုံနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူပေါ့။
မတရားမှုကို ဘယ်လိုတိုက်ဖျက်ခဲ့ကြသလဲ၊ လွပ်လပ်ရေးရအောင်
ဘယ်နည်းဘယ်ပုံကြိုးပမ်းခဲ့သလဲဆိုတာ အနာဂတ်လူငယ်တွေ သိကြရမယ်
သိအောင်ကြိုးပမ်းကြရမယ်။
အခု လူငယ်တွေမှာ အကြားအမြင် နည်းပါးနေကြတယ်၊ ကြောက်စိတ်တွေ
လွှမ်းမိုးနေကြတယ်၊ အပျော်အပါးဘက်တွေမှာ အချိန်တွေကုန်နေကြရတယ်
ဘာ့ကြောင့်လဲ….အဖြေကိုရှာကြစေလိုပါတယ် “ဗိုလ်ချုပ်ပြောသွားတဲ့ မိန့်ခွန်းကို သတိရမိတယ်”ပညာရေးမှာအရင်ကတည်းက အောက်ကျနောက်ကျ ဖြစ်ခဲ့ရတယ် အခုချိန်က စပြီးတော့ကြိုးစားပြီး မဆောင်ရွက်ကြဘူး ဆိုရင်တော့နာဂတ်လဲဒီအတိုင်းဖြစ်
နေဦးမှာပါပဲ။ ရှေ့ဆက်ပြီးအောက်ကျနောက်ကျ နေရဦးမှာပါပဲ။
တိုင်းပြည်တပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ ပညာရေးနဲ့ တိုက်
ရိုက်သက်ဆိုင်ပါတယ်။ လူငယ်တွေ ပညာရေးဘက်မှာ တကယ်တတ်မြောက်မှ သာ အနာဂတ်တိုင်းပြည်ကို ကောင်းအောင်ထိန်းကျောင်းသွာနိုင်မှာပါ။
အရင်က ပညာမဲ့ခဲ့တဲ့သူတွေ အခုတိုင်းပြည်နဲ့ ပြည်သူလူထုကို ဒုက္ခပေးနေ
ကြတယ်။ အနာဂတ်မှာ ကျနော်တို့ ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်ရလေအောင်ကြိုးစား
ကြဖို့လိုအပ်ပါတယ်။ ယခုအာဏာရှင်တွေ သေသွားတဲ့ အချိန်ကြရင် နောက် အာဏာရှင်ကလေးတွေ မဖြစ်ပေါ်ရလေအောင် လုပ်ကြရပါမယ်။ အသိတရား
အမှန်တရာတွေ ကိုလူငယ်တွေဆီရောက်အောင် အထူးအလေးပြုသင့်ပါတယ်။
လွပ်လပ်ရေးအတွက် တဖန်ပြန်လည်ကြိုးစားကြမယ်အာဇာနည်လောင်းတွေ
မွေးဖွားစေလိုတဲ့ ဆန္ဒနဲ့ …..ကျဆုံသွားရှာကြရတအဲ့ာဇာနည်ခေါင်းဆောင်ကြီး
များကို ရိုသေစွာ ဦးညွတ်လေးပြုလိုက်ပါတယ်
ဖိုးဝလုံး(2007 ကျောင်းသား)
Posted by
walone
at
3:10 AM
0
comments
Labels: ဆောင်းပါးArticle


